တောင်ကြီးမြို့၊ မေတ္တာရှင် နာမှုကူညီရေးနှင့် ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်း
တောင်ကြီးမြို့၊ မေတ္တာရှင်နာမှုကူညီရေးအသင်းကို သြဝါဒစရိယဆရာတော်ကြီး(၉)ပါးနှင့် ဦးစီး ပဓါန နာယက ဆရာတော်ကြီး၏ သြဝါဒကိုခံယူပြီး အသင်းဖွဲ့စည်းတည်ထောင်ကာ နာမှုကူညီရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ နာမှုကူညီရေးအသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ နာရေးကိစ္စအဝဝ ပေါ်ပေါက် လာလျှင် နာရေးရှင်မိသားစုများ ပရိဒေဝမီးတောက်လောင်နေကြ၍ 'အသုဘ'ကိစ္စအတွက် ဘယ်ကစ၍ ဘာလုပ်ကြရမည်ကို မသိဖြစ်ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သို့အတွက် နာရေးရှင်မိသားစုများ ခံစား နေရသည့်စိတ်ဆင်းရဲခြင်းဒုက္ခ၊ ကိုယ်ဆင်းရဲခြင်းဒုက္ခမှ ကင်းဝေးစေရန် လူအား၊ ငွေအား၊ ယာဉ်အား ကူညီဆောင်ရွက်မည်၊ လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲခြားဘဲ ကူညီဆောင်ရွက်မည်ဟူသော ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
မေတ္တာရှင်နာမှုကူညီရေးလုပ်ငန်းအပြင် ကုသိုလ်ဖြစ် (အခမဲ့)ဆေးခန်း ဖွင့်လှစ်၍ ဆေးကုသမှုလုပ်ငန်း အပြင် ကုသိုလ်ဖြစ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ဆေးခန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ မကျန်းမာ၍ ဆေးကုသစရိတ် မတတ်နိုင်သော လူနာများသည် ပုဂ္ဂလိကဆေးရုံ တက်ရောက်ကုသနိုင်ဖို့ဝေးစွ၊ အစိုးရဆေးရုံများကိုပင် တက်ရောက်ကုသဖို့ရာ အခက်အခဲရှိကြသဖြင့် ရပ်ထဲ၊ ရွာထဲရှိသည့် ဒေါက်တာ ရမ်းကုတို့နှင့်ကုသရင်း အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးခဲ့ကြသည်ကို ကြားသိရပါသည်။